Blog Archive

Saturday, January 7, 2017

တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ /တံဆိပ် ရရှိသည့် ကာလသတ်မှတ်ချက်နှင့် သိမှတ်ဖွယ်ရာများ

တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ /တံဆိပ် ရရှိသည့် ကာလသတ်မှတ်ချက်နှင့် သိမှတ်ဖွယ်ရာများ
_____________________________________________
တစ်နေ့ သော ရုံးဆင်းချိန်ညနေပိုင်းတွင် စာရေးသူမှာ တပည့်တစ်ဦးဖြစ်သူ တပ်ကြပ်ကြီး/စာရေး ဖြိုးကိုကိုဝင်း နှင့်အတူ ဆောင်ရွက်ဆဲရုံးလုပ်ငန်းများကို လက်စသတ်သိမ်းဆည်းနေချိန် မြို့တွင်းမှပြန်လာသော ယခုနှစ်တွင် သင်္ဂဟတံဆိပ် ပူပူနွေးနွေးရရှိခဲ့သည့် ဒုတိယအရာခံဗိုလ်/စာရေး သန်းအောင် ရောက်ရှိလာသည်။

ဆရာကြီးးသန်းးအောင်။ ဟာ အစ်ကိုကြီး ၊မပြန်သေးဘူးလားဗျ၊ ဒီမှာကြည့်ပါအုံးကျွန်တော် မင်္ဂလာဒုံဈေးက ဝယ်လာတာ၊သင်္ဂဟတံဆိပ်ပါတဲ့ ဂုဏ်ထူးဆောင်တံဆိပ်ဖဲကြိုး(ဘားတန်း)အသစ်ပဲ အစ်ကိကြီး၊အဆင်ပြေရဲ့ လားကြည့်ပါအုံးဗျ။
စာရေးသူ ။ ဟာ ခင်ဗျားဝယ်လာတဲ့ဂုဏ်ထူးဆောင်တံဆိပ် ဖဲကြိုး(ဘားတန်း)ကမှားနေတယ်ဗျ။ ဟောဒီက ဖဲကြိုးအနီအောက်ခံမှာ အဖြူဒေါင်လိုက်အတန်း နှစ်ခုပါတဲ့တံဆိပ်က ပြည်ပရန်နှိမ်တံဆိပ်ပဲ ။နောက်တစ်ခုက ဟောဒီ ဖဲကြိုးအပြာအောက်ခံမှာ အဖြူဒေါင်လိုက်အတန်း နှစ်ခုကြားမှာ အနီဒေါင်လိုက်အတန်း တစ်ခုရှိတဲ့တံ ဆိပ်က စစ်ပွဲတံဆိပ် (၁၉၆၂/ ၇၄)ပဲ။ကျွန်တော်က ကိုယ်ပိုင်နံပါတ်၊ ၃၉၇--၊တပ်ထဲဝင်တာက ၁၉၇၃ ခုနှစ်၊ အေပြီလမှာဆေးအောင်တာဆိုတော့ အခု ကျွန်တော့် စစ်မှုထမ်းသက် နှစ်လေးဆယ် ပြည့်ပြီးပြီပေါ့ဗျာ၊ ဒါပေမယ့် ပြည်ပရန်နှိမ် တံဆိပ် အတွက် သတ်မှတ်ထားတဲ့ ကာလက ၁၇-၆-၁၉၅ဝ က ၂၃-၃-၆၁ ရက်နေ့အတွင်းမှာ အမှုထမ်းသက်အနည်းဆုံး ၃၆၅ရက် ပြည့်ရှိရမယ်ဗျ။
နိုင်ငံတော်အပေါ်သစ္စာစောင့်သိရိုသေစွာနဲ့  တပ်မတော် အတွင်း ကျရာတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့သူတွေ သို့တည်း မဟုတ်နဂါးနိုင်စစ် ဆင်ရေး၊ ဗန္ဓုလစစ်ဆင်ရေးစတဲ့သတ်မှတ်ထား တဲ့ ပြည်ပရန်နှိမ်စစ်ဆင်ရေးများမှာ အနည်းဆုံး ၁၅ ရက် ပါဝင်ကြိုးပမ်း တိုက်ပွဲဝင်ခဲ့ဖူးသူတွေကို ဂုဏ်ပြုချီးမြှင့်တာဖြစ်လို့ ဒီကာလအတွင်းမှာ ကျွန်တော်တို့စစ်တပ်ထဲတောင် မရောက်သေးဘူးဗျ။
နောက်တစ်ခုက စစ်ပွဲတံဆိပ်(၁၉၆၂/၇၄)ပေါ့။ ဒီတံဆိပ်ရဲ့သတ်မှတ်ချက်က လည်းခေတ်ပြောင်းတော်လှန်ရေး (သို့မဟုတ်)လူမှုတော်လှန်ရေး ကာလ အပိုင်း(၁)ဖြစ်တဲ့၂-၃-၁၉၆၂ က ၃-၁-၁၉၇၄ အထိရက်ပြည့် တာဝန်ကျေ ပွန်စွာ ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဆဲ တပ်မတော်သားတွေကို ချီးမြှင့်တဲ့ တံဆိပ်ဖြစ်လို့ အဲဒီသတ်မှတ်ကာလထဲ မှာ ကျွန်တော် တစ်နှစ်ပဲမီတယ်။ ဒါကြောင့် ဒီတံဆိပ်လည်း ကျွန်တော်တို့မရဘူးဗျ၊ တပ်မတော်မှတ်တမ်း ညွှန်ကြားရေးမှူးရုံးနဲ့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်(မှတ်တမ်းဌာနခွဲ )တွေကလည်း တပ်မတော်ဆိုင်ရာ ဂုဏ် ထူးဆောင် တံ ဆိပ်ချီးမြှင့်တဲ့အပိုင်း(၂)အမိန့်လည်း ထုတ်ပြန်ပေးထားတာ မရှိဘူးဗျ။ အဲဒီလိုမရသင့်တဲ့တံဆိပ် ကိုဖဲကြိုး(ဘားတန်း)အတွဲလိုက်ကြီး ရင်ဘတ်မှာ တပ်ဆင်ထားတာဟာလဲ မှားယွင်းတဲ့ဝတ်စားဆင်ယင်မှု ပဲဗျ။
ဆရာကြီးးသန်းးအောင်။ ကျွန်တော်လည်းသေသေချာချာတောင် မကြည့်မိပါဘူးဗျာ။
သင်္ဂဟတံဆိပ်ပါတဲ့ ဖကြိုး(ဘားတန်း)တံဆိပ်ပေးပါလို့ပြောတော့ ဆိုင်ရှင်ကထုတ်ပေးတာယူလာခဲ့တာပဲ။ အမှန်တိုင်းဝန်ခံရရင် အစ်ကိုကြီးပြောတဲ့ တံဆိပ်တွေကို ကျွန်တော်လည်း ဂဃနဏမသိဘူးဗျ။အခု ကျွန်တော် ဝယ်လာတဲ့ တံဆိပ်အတွဲအပြင် အစ်ကိုကြီးပြောတဲ့ တံဆိပ်နှစ်ခုမပါဘဲ၊ သင်္ဂဟတံဆိပ်ပါတဲ့အတွဲလည်း မရှိဘူး ဗျ။ ဆိုင်ရှင်ကလည်း ရောင်းသာရောင်းနေတာ သူလည်းသိပုံမပေါ်ပါဘူး ဗျာ။စာရေးသူ ။ အေးပေါ့ဗျာ၊ ခင်ဗျားလိုရုံးလုပ်ငန်းတွေ လက်တွေ့လုပ်နေရတဲ့သူတောင် သတိမပြုမိသေးတာ။ တံဆိပ်ရောင်းတဲ့ ဆိုင် ရှင်တွေကတော့ ဘယ်လိုလုပ်သိနိုင်မှာလဲဗျ။ အမှန်က တံဆိပ်ထုတ်လုပ်ရောင်းချတဲ့သူတွေရဲ့ မသိနားမလည်တဲ့ အမှားဗျ။ ဟိုအရင်ကတံဆိပ်တွေ စတင်ထုတ်လုပ်ရောင်းချစဉ်ကတည်းက ထုတ်လုပ်လာတဲ့ ပုံစံအတိုင်းယခုခေတ်ကာလမှာ ရောင်းချနေကြတော့ စစ်သည်တွေလည်း အလွယ်တကူ ဈေးကဝယ်လို့ရတဲ့ တံဆိပ်ကိုပဲ ဝယ်ယူတပ်ဆင်ခဲ့ကြတော့ မှားနေကြတာပေါ့ဗျာ။

တပ်ကြပ်ကြီး ဖြိုးကိုကိုဝင်း။ ဟုတ်ပြီဗျို့ ဆရာကြီးတို့ပြောနေကြတာ ကို ဘေးက ထိုင်ပြီး နားထောင်နေတာ ကျွန်တော့်အတွက် မှတ်သားစရာ သင်ခန်းစာတွေအများကြီးရလိုက်တယ်ခင်ဗျ။ ဒါကြောင့်ကျွန်တော် မသိမမီသေးတဲ့ တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ /တံဆိပ်တွေရဲ့သတ်မှတ်ချက် အရည်အချင်းတွေကို
ပြောပြပေးပါအုံး ဆရာကြီး။

စာရေးသူ ။ တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ /တံဆိပ်တွေ တစ်ခုချင်း အလိုက်ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးဌာနကောင်စီအမိန့်တွေ၊ ကာကွယ်ရေးဌာနကောင်စီအထူး အမိန့်တွေ ကတော့အများကြီးရှိတာပေါ့ကွာ။ ငါလက်လှမ်းမီသလောက် စုဆောင်းထားတာရှိတယ်ကွ။မင်းယူပြီး ဖတ်ကြည့်ပေါ့ ကွာ။ မင်းတို့လိုမျိုးးဆက်သစ် လူငယ်တပ်မတော်သားတွေအကြမ်းဖျင်းသိရှိထား ရအောင် ကာလအလိုက် သတ်မှတ်ချက်လေးတွေ ငါပြောပြမယ်။
တပ်မတော်ဆိုင်ရာဂုဏ်ထူးဆောင် ဘွဲ့/တံဆိပ်တွေ ထဲက စစ်မြေပြင်မှာတိုက်ရည်ခိုက်ရည်(စစ်ရေးစွမ်းရည်)ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်ကိုကာ ကွယ်စောင့် ရှာက် တိုက်ပွဲဝင်ရာမှာသက်စွန့်ကြိုး ပမ်း ဆောင်ရွက်ခဲ့မှုတွေအပေါ်မူတည်ပြီး အောင်ဆန်းသူရိယဘွဲ့၊ သီဟသူရဘွဲ့၊ သူရဘွဲ့နဲ့ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်တွေ ဂုဏ်ပြုချီးမြှင့်တယ်။ နောက်ပြီး လက်ရှိတပ်မတော်မှာတာဝန်ထမ်းဆောင်နေ တဲ့ အရာရှိ၊စစ်သည်များအနေနဲ့ သတ်မှတ်ချက်တွေပြည့်မီရင်ရနိုင်တဲ့ တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွေရဲ့အကြမ်းဖျင်းသတ် မှတ်ချက်တွေကို မင်းနားလည်လွယ်အောင် ပြောပြမယ်။
အထက်က ပြောပြခဲ့တဲ့ တံဆိပ်နှစ်ခုအတွက်ကတော့ မင်းသိပြီးဖြစ်ပါလိမ့် မယ်။မြန်မာနိုင်ငံစစ် မှုထမ်းသင်္ဂဟတံဆိပ်ဟာနိုင်ငံနှင့်တပ်မတော်အပေါ် သစ္စာရှိပြီးတာ ဝန်ကျေ ပွန်စွာ ၃၅ နှစ်ပြည့်သည်အထိပြစ် မှုကင်း ရှင်းစွာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်မှုထမ်းဆဲ အရာရှိ/စစ်သည်တွေကို ချီးမြှင့်တာဖြစ်တယ်ကွ။ ပြစ်မှုကင်းရှင်းရမယ်ဆိုတဲ့နေရာမှာ နိုင် ငံတော်နဲ့ တပ်မတော်အပေါ် သစ္စာဖောက်ဖျက်မှု၊အကျင့်စာရိတ္တနှင့်ပတ်သက် တဲ့ ကြီးမားတဲ့ပြစ်မှုကြီးတွေ ကျူးလွန်ခဲ့ရင် ဒီတံဆိပ်ကိုရခွင့်မရှိဘူးကွ။ အေး တို့အခြားအဆင့် မှာအရာခံဗိုလ် အဆင့်ဖြစ်လာခဲ့ရင် စစ်မှုထမ်းကောင်းနဲ့ သင်္ဂဟတံဆိပ်အတွက် အသေးအဖွဲပြစ်မှုကို ပလပ်ခွင့်ပြုပြီး တံဆိပ် ချီးမြှင့်ပေးတာ တွေ့ရတယ်ကွ။ ဒါကလည်းခြွင်းချက်တစ်ခုအနေနဲ့ တို့တပ်မတော်အကြီးအကဲတွေက စစ် သည်တွေရစေ ချင်လို့ လျှော့ပေါ့ပေးခြင်းပေါ့ကွာ။
ပစ်မှုလုံးဝကင်းရှင်းရင်တော့ အကောင်းဆုံးပေါ့။စစ်မှုထမ်းကောင်းတံဆိပ် ကလည်း အရာရှိစစ်မှုထမ်းသက် ၂၅ နှစ်နဲ့ အခြားအဆင့်စစ်မှုထမ်းသက် ၂ဝ နှစ်အတွင်း ပြစ်မှုကင်းရှင်းသူတွေကို ချီးမြှင့်တာဖြစ်တယ်။နိုင်ငံတော် စစ်မှုထမ်းတံဆိပ်ကတော့အရာရှိ၊ စစ်သည်အားလုံး စစ်မှုထမ်းသက်၃၆၅ ရက်ပြည့်ရင် ချီးမြှင့်ပေးတာဖြစ် တယ်။ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ် ကတော့၁၂-၁-၁၉၆၆ ရက်နေ့က ဒီကနေ့အထိကာလအတွင်း ၃၆၅ ရက်ပြည့် တာဝန်ထမ်းဆောင်ခဲ့ရင် ဒီတံဆိပ်ချီးမြှင့်တာဖြစ်တယ်။ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ် ကိုတော့ ၁၆-၁၁-၁၉၈၆ ရက်က၆-၁-၁၉၈၇ ရက်နေ့အထိ ၅၂ ရက်တာကာလအတွင်း တာဝန်ထမ်းဆောင် ခဲ့သူတွေကို ချီးမြှင့်ခဲ့တယ်။ မိုင်းယန်း/မဲသဝေါတိုက်ပွဲဝင်ကာလတွေဖြစ်တဲ့ ၂၃-၉-၁၉၈၈က ၂၂-၁၂-၁၉၈၈ ရက်အထိ ၉၁ ရက်တာကာလအတွင်း တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေကို မိုင်းယန်း/မဲသဝေါ တိုက်ပွဲတံဆိပ် ချီးမြှင့်တယ်။၁၈-၉-၁၉၈၈ ရက်က ၂ဝ-၂-၁၉၉၅ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ကို ရန်ငြိမ်းအေးတံဆိပ် ချီးမြှင့်တယ်ကွ။
စစ်မှုထမ်းသက် ၅ နှစ်ပြည့်၊ ၁ဝနှစ်ပြည့်၊ ၁၅ နှစ်ပြည့်၊ ၂ဝ နှစ်ပြည့်၊၃ဝနှစ်ပြည့်နဲ့ ၃၃ နှစ်ကျော်လွန်ပြီးသောစစ်မှုထမ်းတွေကို စစ်မှုထမ်းသက်တံဆိပ်တွေချီးမြှင့်သလို ၁၉၉ဝ ပြည့်နှစ်မတ်လ ၂၇ ရက်နှင့် ၄င်းနောက်ပိုင်းစစ်မှုထမ်းသက် ၂၁ နှစ် ပြည့်ပြီးတဲ့စစ်မှုထမ်းကို တပ်မတော် ဂုဏ်ဆောင်အမှုထမ်းတံဆိပ် (တတိယအဆင့်)၊ ၂၆ နှစ်ပြည့်ပြီးသူကို တပ်မတော်ဂုဏ်ဆောင်အမှုထမ်းတံဆိပ် (ဒုတိယအဆင့်)၊ ၃၅နှစ်ပြည့်နဲ့ ကျော်လွန်သူများကို တပ်မတော်ဂုဏ်ဆောင်အမှုထမ်းတံဆိပ် (ပထမအဆင့်)၊ နိုင်ငံအကျိုးဆောင်တံဆိပ်ကတော့ ပြည်သူတွေရဲ့အကျိုး၊ နိုင်ငံတော်ရဲ့အကျိုးတွေကို စွမ်းစွမ်းတမံ သယ်ပိုးထမ်း ရွက်ခဲ့ကြတဲ့ ၁၈-၉-၁၉၈၉ ရက်က၂၇-၃-၁၉၉ဝ ရက်များအတွင်း တပ်မတော်တာဝန်ထမ်းဆောင်သူများကို ပေးအပ်တာဖြစ်တယ်။
စစ်ပွဲတံဆိပ်တွေကတော့အထက်ကရှင်းပြခဲ့သလို သတ်မှတ်ထားတဲ့နှစ်အလိုက် ရက်ပြည့်တာဝန်ထမ်းဆောင်ခဲ့ကြသူများကို စစ်ပွဲတံဆိပ်(၁၉၆၂/၇၄)၊စစ်ပွဲတံဆိပ်(၁၉၇၄/၈၈)၊ စစ်ပွဲတံဆိပ် (၁၉၈၈/၉ဝ)တို့ ချီးမြှင့်ခဲ့တယ် ညီလေး။
အထက်က ပြောပြခဲ့တဲ့ ကာလသတ်မှတ်ချက်တွေအတွက် ပြစ်မှုဖြစ် ပွားနေတဲ့ကာလ၊ အကျဉ်းချုပ် ကျခံနေရတဲ့ ကာလ၊ပြစ်ဒဏ်ကျခံနေရတဲ့ ကာလတွေကိုထည့်သွင်းရေတွက်ခွင့်မပြုဘူး။ မဲလတိုက်ပွဲတံဆိပ်၊ ဖလူးတိုက်ပွဲတံ ဆိပ်တွေကတော့အဲဒီတိုက်ပွဲကြီးတွေမှာ ကိုယ်တိုင်ပါဝင်တိုက်ပွဲဝင်ခဲ့ကြသူတွေကို ပေးအပ်ချီးမြှင့်ဂုဏ်ပြု တာဖြစ်တယ်။ အရာရှိများအတွက်ခြေလျင်တပ်စုင်္မူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်ရင်းမှူးသင်တန်းတံဆိပ်၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းတံဆိပ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းတံဆိပ်တွေကတော့ သက်ဆိုင်ရာလေ့ကျင့်ရေးကျောင်း/ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်ကြီးများမှာ သင်တန်းတက်ရောက် အောင်မြင် ခဲ့ရင် ပေးအပ်ချီးမြှင့်တာ ဖြစ်တယ်။
တို့အခြားအဆင့်မှာလည်း အကြပ်ငယ်သင်တန်း၊ အကြပ်ကြီးသင်တန်း၊ အရာခံဗိုလ်သင်တန်းတွေ တက်ရောက် အောင်မြင်ခဲ့ရင် သက်ဆိုင်ရာသင် တန်းတံဆိပ်တွေကို ချီးမြှင့်တယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရေး ချုပ်ရုံးက ၂၆-၂-၂ဝဝ၈ ရက်စွဲပါစာအမှတ်၊ ၁/၇/၁၁ဝ၅/ရေး၅(က)နဲ့ ထုတ်ပြန်ထားတဲ့ မြန်မာ့တပ်မတော် ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့/ဂုဏ်ထူးဆောင်တံဆိပ်များနှင့်ပတ်သက်တဲ့ရှင်းလင်းချက်နဲ့ တပ်ဆင်ပုံတပ်ဆင် နည်းစာစောင်မှာ အရာရှိများ တာဝန်ချိန်ဝတ်စုံအတွက် ဘွဲ့/တံဆိပ် ၂၇ မျိုးတပ်ဆင်ပုံကိုပြသထား တာဖြစ်သလို၊ အခြားအဆင့်များအတွက် ဘွဲ့/တံဆိပ်၂၅ မျိုးတပ်ဆင်ဝတ်စားဖို့ စံနမူနာပြထားတာတွေ့ ရတယ်ညီလေး။ အဲဒီသတ်မှတ်တံဆိပ်တွေ ထဲကမှမိမိတို့ရရှိပြီးတဲ့ ဘွဲ့/တံဆိပ်တွေကိုစနစ်တကျ တပ်ဆင်သွား ရမှာ ဖြစ်တယ်ညီလေး။
ဆရာကြီးသန်းအောင်။ အခု စစ်မှုထမ်းကောင်းတံဆိပ်ရရှိပြီးတဲ့ အခြားအဆင့်တော်တော်များများဟာ စစ်မှု ထမ်းကောင်းတံဆိပ် အသေးလေးကို ဂုဏ်ထူးဆောင်တံဆိပ်ဖဲကြိုး(ဘားတန်း) အပေါ်မှာတပ်ဆင်နေကြတာ တွေ့နေရတယ်ဗျ။အဲဒီလိုတပ်ဆင်ဝတ်ဆင်တာ မှန်ရဲ့လားဆရာကြီး။

စာရေးသူ ။ စစ်မှုထမ်းကောင်းရပြီးတဲ့စစ် သည်များအနေနဲ့ ငါစစ်မှုထမ်းကောင်းရပြီးတဲ့ စစ်သည်တစ်ယောက်ပဲ လို့ဂုဏ်ယူဝင့်ကြွားချင်တဲ့စိတ်နဲ့ အများသိ သာမြင်သာအောင် တပ်ဆင်ကြတာလို့ ထင်ပါတယ်ဗျာ။ စစ်မှုထမ်းကောင်းတံဆိပ် အပေါ်ဂုဏ်ယူချင်စိတ် ရှိတာလေးကိုတော့လေးစားရမယ်ဗျ။ ဒါပေမယ့် စစ်ဝတ်တန်ဆာစည်းမျဉ်းစည်းကမ်း သတ်မှတ်ညွှန်ကြားချက် အရတော့ အဲဒီလိုတပ်တာမှားယွင်းနေတယ်။ တချို့ဆိုရင် မှားလို့မှားမှန်းတောင် မသိကြဘူးဗျ။ တာဝန်ချိန် မှာတပ်ဆင်ရမယ့်ဂုဏ်ထူးဆောင် တံဆိပ်ဖဲကြိုး(ဘားတန်း)ကို ဘယ်ဘက် ရင်အုံအင်္ကျီအိပ်ကပ်အပေါ်မှာ တပ် ဆင်ရင်လုံလောက်ပါပြီ။ စစ်မှုထမ်းကောင်းတံဆိပ်အသေးကို ဘားတန်းအပေါ်မှာတပ်ဖို့မလိုပါဘူး။ ဘာကြောင့်မလိုရသလဲ ဆိုတောအဲဒီတံဆိပ်အသေးဟာ ညစာစားပွဲဝတ်စုံမှာတပ်ဆင်ဖို့ဖြစ်ပါတယ်။
စစ်မှုထမ်းကောင်းတံ ဆိပ်အကြီးက စစ်ရေးပြအခမ်းအနားတွေမှာ ဘယ်ဘက်အိပ်ကပ်ရဲ့ အိပ်ဖုံးကြယ်သီးအောက်တည့်တည့်မှာ အလယ်ညှိပြီး တပ်ဆင်ဝတ်စားသွားဖို့ သတ်မှတ်ထားတယ်ဗျ။

တပ်ကြပ်ကြီး ဖြိုးကိုကိုဝင်း။ ကျေးဇူး ပါပဲဆရာကြီး။ ဆရာကြီးတို့ အခုလိုပြောပြလို့ကျွန်တော်တို့လို ညီငယ်ေ နာင်ဘွားစစ်သည်တော်များအနေနဲ့ တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်တွေနဲ့ပတ် သက်လို့ အကြမ်းဖျင်း သိရှိမှတ်သားရပါတယ်။နေဝင်ချိန်ပိုင်းသို့ ရောက်လာသဖြင့်ကျွန်တော်တို့ စကားဝိုင်းလေး ရပ်နား၍ လူစုခွဲလိုက်ကြပါတော့သည်။

ကွန်းဇော်ဝင့်(တညင်ကုန်း)

No comments:

Post a Comment